Global Notification

Get password here!

Chapter 2142

 အပိုင်း ( ၂၁၄၂ )  ခွက်ခွက်လန်အောင် ရှုံးနိမ့်ခြင်း

သောက်လေကြီးလိုက်တဲ့ပါးစပ် …

လင်းဖန်၏စကားကြောင့် ဝမ်ရှန် တွေးလိုက်သည်။ သူ ဒေါပွသွားရပြန်သည်။ 

“ မင်းတို့ဘက်က ဘယ်သူတိုက်ခိုက်မှာတုန်း ” 

ဝမ်ရှန်က လင်းဖန်ကို မေးမြန်းလိုက်သည်။ 

“ ငါတို့နှစ်ယောက် လောင်းတာဆိုတော့ ငါ တိုက်ခိုက်မှာပေါ့။ မင်းဆန္ဒရှိရင် မင်းလည်း တိုက်ခိုက်လို့ ရတယ် ” 

လင်းဖန်က တည်ငြိမ်စွာ ပြန်ဖြေသည်။ 

ဝမ်ရှန်၏မျက်လုံးများ တဖိတ်ဖိတ်တောက်ပလာပြီး သူက ပြုံး၍ ပြောသည်။ 

“ တိုက်ပွဲအတွင်းမှာ မင်း ဒဏ်ရာရသွားတာ ဒါမှမဟုတ် တစ်ခုခုဖြစ်သွားတာဆိုရင် ဆေးဘုရင်မျိုးနွယ်စုကို အပြစ်မတင်နဲ့၊ ပြီးတော့ ငါတို့က မင်းတို့လို တစ်နယ်တကျေးက လူတွေကို အနိုင်ကျင့်တယ်ဆိုပြီးတော့လဲ မပြောနဲ့ ”

“ ငါရှုံးလို့ သေသွားရင် ဘယ်သူမှ မင်းကို အပြစ်မတင်စေရဘူး။ မင်းတို့လဲ အတူတူပဲနော် ” 

လင်းဖန်က ပုံမှန်လေသံဖြင့် ဆိုသည်။ 

“ အခုထိ အလောင်းအစားကို လက်ခံလား မင်း မပြောရသေးဘူး ”

ဝမ်ရှန်က လင်းဖန်ကို မမှိတ်မသုန် ကြည့်လိုက်သည်။ အချိန်အနည်းငယ်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် သူက ပြုံး၍ ပြောသည်။

“ မင်းက တိုက်ခိုက်ချင်နေမှတော့ ရတယ်လေ။ အခုပဲ တိုက်ခိုက်လိုက်ကြတာပေါ့ ”

“ မလောပါနဲ့ ” 

လင်းဖန်က ပြုံး၍ ပြောသည်။ သူက မှော်ဆေးရည်မျှော်စင်ကို ကြည့်လိုက်သည်။ ယွီယွင်က လွန်စွာ ယုံကြည်မှု ရှိနေဟန်တူသည်။ သူတို့က သေချာပေါက် အနိုင်ရမည့်ဟန်တူသည်။ ပထမဦးစွာ သူက မုချန်အတွက် ဝိညာဉ်ဆေး ရချင်နေပြီး အဖြေကို သူ သိချင်နေတော့သည်။

ဝမ်ရှန်က မှော်ဆေးရည်မျှော်စင်ထိပ်ရှိ ယှဉ်ပြိုင်သူနှစ်ဦးကို ကြည့်နေသည်။ ယွီဖုန်းက ဆေးဖော်စပ်နေဆဲဖြစ်သည်။ သူက မဟာဧကရာဇ်ဆေးတစ်လုံး ဖော်စပ်ချင်နေသည်ဖြစ်၍ လွယ်ကူမည်တော့ မဟုတ်။ ဆေးညွှန်းက ရှုပ်ယှက်ခတ်နေပြီး ဆေးအမယ်များကလည်း များပြားလှသည့်အပြင် မီးကို သင့်တင့်လျောက်ပတ်သော အပူချိန်တွင်ထားရန် လိုအပ်သည်။ မှော်ဆေးရည်ပညာရှင်အနေဖြင့်လည်း ဆေးဖော်စပ်သည်ကို အမြဲတစေ ကြည့်ရှုစစ်ဆေးနေရသည်။ ထူးချွန်သော မှော်ဆေးရည်ပညာရှင်များက သူတို့၏ဆေးပညာရပ်ကို တိုးတက်စေရန် နည်းအသွယ်သွယ်ကို အသုံးချတတ်ပြီး မဟာဧကရာဇ်ဆေးတစ်လုံး ဖော်စပ်ရာတွင် အချိန်အနည်းငယ် ကြာတတ်သည်။ ယင်းအပြင် ထိုဆေးလုံး ရပါမည်ဟူ၍လည်း တပ်အပ်မပြောနိုင်ချေ။ 

တခြားမျှော်စင်မှ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ 

“ သူ နောက်ထပ်ရှုံးသွားပြီ။ ယွီဖုန်း နိုင်တော့မယ် ” 

ယခုလေးတင် ဆေးဘုရင်မျိုးနွယ်စုဝင်ယှဉ်ပြိုင်သူကား နောက်ထပ် ရှုံးနိမ့်သွားခဲ့ရလေပြီ။ ယခု သူ ကြီးမားသော ဖိအားအောက် ရောက်နေရတော့သည်။ ထို့ပြင် ယွီဖုန်းက လွန်စွာ အစွမ်းထက်သူဖြစ်သည်။ 

ထိုအခိုက် ဝမ်ရှန်က လူတစ်ယောက်ပြောသည်ကို ကြားလိုက်ရသည်။ 

“ ဒီအလှည့်ကို မင်း ရှုံးသွားပြီ ” 

သူ့မျက်နှာရှုံ့မဲ့သွား၏။ သူတို့ ရှုံးနိမ့်သွားခဲ့လေပြီ။ မည်သို့့ပင်ဆိုစေ ပထမအလှည့်ကို သူတို့ ရှုံးနိမ့်သွားမည်ဟု ယူဆထားခဲ့သည်ဖြစ်၍ သူ စိတ်ထဲထားလှသည်တော့မဟုတ်။ 

သူ၏ယှဉ်ပြိုင်သူက အရှက်တကွဲ ရှုံးနိမ့်၍ မျှော်စင်မှ ဆင်းသက်လာသည်။

ဝမ်ရှန်က ခုန်ပျံကာ မှော်ဆေးရည်မျှော်စင်ပေါ် ဆင်းသက်လိုက်သည်။ သူက ယွီယွင်ကို ပြုံး၍ကြည့်ကာ ဆိုသည်။ 

“ ဒုတိယအလှည့်၊ ဘယ်သူလာမှာတုန်း ”

“ သူတို့ ရှုံးသွားခဲ့တာဆိုတော့ ဝမ်ရှန်က အဖက်ဆယ်ချင်နေတာ။ အနီရောင်တိမ်တိုက်ဒေသက ဒီလူတွေက ဘုရင်ရဲ့အနွယ်ဝင်တွေပဲ။ယွီယွင်က အစွမ်းထက်ဆုံးတစ်ယောက်။ ဆိုတော့ ဒီအလှည့်ကို သူတို့ ရှုံးလိမ့်မယ် ” 

လူအုပ်ကြီးက တီးတိုးပြောဆိုနေကြသည်။ နောက်ဆုံးတစ်လှည့်ကို မြင်တွေ့ခွင့်ရရန် သူတို့ မစောင့်နိုင်အောင် ဖြစ်နေရသည်။

ယွီဖုန်းက ဝမ်ရှန်ကို သဘောကျစွာ ပြုံး၍ ကြည့်လိုက်ပြီး ခပ်အေးအေးပင် ဆိုလိုက်သည်။ 

“ ဒီတစ်ကြိမ်တော့ တတိယအလှည့်ကို မင်းတို့ ရောက်နိုင်မှာ မဟုတ်တော့ဘူး ”

ယွီဖုန်းက မှော်ဆေးရည်မျှော်စင်မှ ထွက်ခွာကာ ကောင်းကင်ယံမှ ဆင်းသက်လာသည်။ ဝမ်ရှန် ဒေါသအမျက်ချောင်းချောင်း ထွက်သွားရသည်။

ယွီဖုန်းက လင်းဖန်နှင့်တခြားလူများဘေးတွင် ဆင်းသက်လိုက်ပြီး သူတို့အားလုံး ပြုံးလိုက်ကြသည်။ ထို့နောက် ယောက်ယောက်က လင်းဖန်ကို ကြည့်ကာ ပြုံးပြလိုက်သည်။ 

“ အစ်ကိုလင်းဖန်၊ ညီမကလဲ မှော်ဆေးရည်ပညာရှင်တစ်ယောက်ပဲ။ အစ်ကို့ကို ဆေးလုံးရအောင် ညီမ ကူညီပေးမယ် ”

ယောက်ယောက်က လေထဲ ပျံတက်သွားပြီး မှော်ဆေးရည်မျှော်စင်ပေါ် ဆင်းသက်လိုက်သည်။ လူအုပ်ကြီး မှင်သက်သွားရ၏။ ငယ်ရွယ်နုနယ်သော မိန်းကလေးတစ်ယောက်လား။ 

“ ဘာဖြစ်နေတာတုန်း ” 

လွန်ခဲ့သောတစ်ခေါက်က ယွီဖုန်း၊ ယွီယွင်နှင့် ကျစ်လင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ယောက်ယောက်က ပွဲကြည့်ပရိသတ် ဖြစ်ခဲ့သည်။ ယခုတွင် အံ့အားသင့်စရာကောင်းစွာ ဝမ်ရှန်နှင့်ယှဉ်ပြိုင်ရန် အနှီကလေးမအား စေလွှတ်နေသည်လား။ လူအုပ်ကြီး နားမလည်နိုင်တော့။ 

လင်းဖန်၏မျက်လုံးများ တဖိတ်ဖိတ်လက်သွားပြီး ယွီဖုန်းနှင့် တခြားလူများကို တစ်ချက်ကြည့်လိုက်သည်။ ယွီဖုန်းက ပြုံး၍ ပြောသည်။ 

“ လင်းဖန်၊ ယောက်ယောက်က ငါတို့ဆရာရဲ့ တစ်ဦးတည်းသော သမီးလေ။ ယောက်ယောက်ရဲ့ အစ်ကိုက ယောက်ယောက်ကို သိပ်ဂရုစိုက်တာ။ သူက ငါတို့ထက် အများကြီး ပိုပြီး တော်တယ် ”

“ ငါ သိတယ် ” 

လင်းဖန် ပြုံးလိုက်သည်။ အသက်အရွယ်နှင့် အရည်အချင်းကား မတူညီသောအရာနှစ်ခု ဖြစ်သည်။ ထိုလူများက အနီရောင်တိမ်တိုက်ဒေသမှဘုရင်အနွယ်ဝင်များ ဖြစ်ကြသည်ဆိုသည့်အဓိပ္ပာယ်ကို လင်းဖန် နားမလည်ပေ။ အနီရောင်တိမ်တိုက်ဒေသကို သူတစ်ခါမှ မရောက်ဖူးသည် မဟုတ်ပါလား။ သို့သော်ငြား အကယ်၍ ယောက်ယောက်သာ ဘုရင်အနွယ်ဝင်ဖြစ်နေခဲ့ပါက အလွန်တရာ ထူးချွန်နေပေလိမ့်မည်။ 

ဝမ်ရှန်မှာ သတိလက်လွတ်မနေဘဲ အတော်လေး သတိထားနေသည်။ ယခုလေးတင် ယွီဖုန်း ပြောလိုက်သည်ကို သူ ကြားသိခဲ့ရပြီး အနှီမိန်းကလေးက ယုံကြည်မှုရှိစွာ ပြုံးနေသည်ဖြစ်၍ သူ အတန်ငယ် စိုးရိမ်ပူပန်နေသည်။ အမှန်တွင် ထိုကဲ့သို့ စိုးရိမ်ပူပန်မှုက တဒင်္ဂသာကြာလိုက်ပြီး သူက ပြန်လည်တည်ငြိမ်သွားသည်။ 

“ ဟဲ ဟဲ၊ ဆေးဘုရင်မျိုးနွယ်စုတော့ အခုတစ်ခေါက်လဲ မျက်နှာပျက်ရဦးမှာပါလား ” 

ယောက်ယောက်က ခပ်လွင်လွင်ကလေး ရယ်လိုက်သည်။ သူ့ရှေ့တွင် အနီရောင် ဒယ်အိုးလေးတစ်လုံး ပေါ်လာသည်။ ခမ်းနားထည်ဝါသော အနီရောင်မီးတောက်တစခု ပေါ်လာပြီး ဒယ်အိုးထဲ ဝင်သွားသည်။ သူမက လက်စည်းတချို့ ပြုလုပ်လိုက်ပြီး မှော်ဆေးရည်ပညာကို စတင်ပြသလိုက်သည်။ သူမကို ကြည့့်ရသည်မှာ တည်ငြိမ်အေးဆေးနေသည်။ ငယ်ရွယ်သောလူတစ်ယောက်က ထိုကဲ့သို့ ယုံကြည်မှုရှိကာ တည်ငြိမ်နေသည်ကို မြင်ရသည်မှာ ကြုံတောင့်ကြုံခဲပင်။ 

ဝမ်ရှန်က ယောက်ယောက်ကို တစ်ချက်ကြည့်ကာ မျက်နှာပျက်သွားရသည်။ 

“ ဒါက မှော်ဆေးရည်ဘုရင်ပညာရပ်ပဲ။ အနီရောင်တိမ်တိုက်ဒေသမှာ ဘုရင်တွေရဲ့ မျိုးဆက်တွေသာ ဒီလိုပညာရပ်မျိုး လေ့လာခွင့်ရတယ်။ ဒီမိန်းကလေးက ဘုရင်ရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက် ဖြစ်ရမယ်။ ဆေးဘုရင်မျိုးနွယ်စုရဲ့ နည်းလမ်းက အဲဒီလောက် မကောင်းဘူး ” 

လူတချို့က မြင်ကွင်းကို ကြည့်၍ ခပ်တိုးတိုး ရေရွတ်လိုက်ကြသည်။ 

ဒါက အနုပညာပဲ။ သူက လှလှပပကို လုပ်နေတာပဲ …

မှော်ဆေးရည်မျှော်စင်ထိပ်ရှိ ယောက်ယောက်ကိုကြည့်၍ လင်းဖန် သက်ပြင်းချလိုက်သည်။ ယောက်ယောက်က လှပကြော့ရှင်းစွာ သွက်သွက်လက်လက် လုပ်နေပြီး ဒယ်အိုးပတ်လည်တွင် ကခုန်နေသည့်အလားပင်။ ယောက်ယောက်က ဒယ်အိုးထဲ ဆေးပင်များပစ်ထည့်လိုက်ပြီး မွှေလိုက်သည်။ ထို့နောက် ဆေးပင်များကို တဖြည်းဖြည်း အပူပေးလိုက်ပြီး မရှေးမနှောင်းမှာပင် လေထဲတွင် သင်းပျံ့သော မွှေးရနံ့ လွင့်ပျံလာသည်။ ဆေးရနံ့က မွှေးလှသည်ဖြစ်၍ လူအများစုက အသက်ဝဝရှူလိုက်ကြသည်။ 

“ မြန်လိုက်တာ၊ ဆေးလုံးတောင် ပေါ်လာပြီပဲ ” 

ကြည့်ရှုနေကြသူများ တအံ့တသြဖြစ်သွားသည်။ ဒယ်အိုးထဲတွင် စူးရှတောက်ပသော အလင်းတန်းများ တဖျပ်ဖျပ်လက်သွားသည်။ အရောင်ကိုးရောင်ပေါ်လာကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားသည်။ လူများ၏နှလုံးသားများ တဒိန်းဒိန်းခုန်လာပြီး သူတို့မှာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားကြသည်။ အနှီကလေးမကား ယွီဖုန်းထက်ပင် အရည်အချင်းရှိနေသည်။ ထို့ပြင် သူမ၏မီးက ပိုကောင်းမွန်နေ၏။ သူမက ဆေးကို မီးမျိုးစုံနှင့် သန့်စင်နိုင်စွမ်း ရှိတန်ရာသည်။

ဝမ်ရှန်မှာ တည်ငြိမ်အေးဆေးမနေတော့ဘဲ စိုးရိမ်ပူပန်ကာ ဒေါသများ အလိပ်လိပ်ထွက်လာသည်။ သူ့အနေဖြင့် တတ်နိုင်သမျှ အကောင်းဆုံးဆေး ဖော်စပ်ရလိမ့်မည်။ 

“ သနားဖို့ကောင်းလိုက်တဲ့ကလေး၊ နည်းလမ်းကလဲ ရိုးလိုက်တာ၊ မီးကို ထိန်းချုပ်ဖို့ လက်ကိုပဲ အားကိုးနေတယ်။ အသိလေးနဲ့ ထိန်းချုပ်ပါလား။ ဒီလိုလုပ်နေတာနဲ့ မီးကို ထိန်းချုပ်နိုင်မှာကို မဟုတ်ဘူး။ မှော်ဆေးရည်ပညာရှင်တစ်ယောက်ကော ဟုတ်လား ” 

ယောက်ယောက်က ဝမ်ရှန်ကို ကြည့်၍ ပြောသည်။ ဝမ်ရှန်မှာ ဒေါသကို သိုဝှက်လိုက်ရသည်ဖြစ်၍ ချောင်းတဟွတ်ဟွတ် ဆိုးသွားရသည်။ ဆေးဘုရင်မျိုးနွယ်စုဝင်များသည်လည်း ဒေါသထွက်သွားရသည်။ အနှီကလေးမက ဝမ်ရှန်အား မှော်ဆေးရည်ပညာနှင့်ပတ်သက်၍ မသိနားမလည်သူ တစ်ယောက်အလား ပြောနေသည် မဟုတ်ပါလား။ ရှက်ဖွယ်လိလိ ကောင်းလှပေစွ။ 

ယခု ဆေးဘုရင်မျိုးနွယ်စုဝင်များအားလုံး မျက်နှာများ မည်းမှောင်နေသည်။ ဝမ်ရှန် ရှုံးနိမ့်ရတော့မည်ဟု သူတို့ ထင်နေသည်။ သူ ရှုံးသွားခဲ့ပါက သူတို့ ဒုတိယအကြိမ်မြောက် ရှုံးနိမ့်ခြင်း ဖြစ်သွားရလိမ့်မည်။ သူတို့ မရှုံးနိမ့်နိုင်၊ သူတို့က ဆေးဘုရင်များ မဟုတ်ပါလား။ 

“ ပြီးတော့ မီးကလည်း များလိုက်တာနော်၊ တအားလဲ ပြင်းတယ်။ အဲဒီလိုမီးမျိုးက ဆေးဖော်ဖို့မှ မဟုတ်ပဲ၊ တိုက်ခိုက်ဖို့အတွက်ပဲ ကောင်းတာ။ အစ်ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးနော်။ အစ်ကိုဝမ်ရှန်ရေ၊ အနီရောင်တိမ်တိုက်ဒေသကို ညီမနဲ့ အတူလိုက်ခဲ့ပါလား၊ အစ်ကို့ကို ဆေးဖော်စပ်နည်း ညီမ သင်ပေးမှာပေါ့ ” 

ယောက်ယောက်က တခစ်ခစ် ရယ်မောလိုက်သည်။ ဝမ်ရှန်၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ အနှီမိန်းကလေးကား လူအားလုံးရှေ့မှောက်တွင် သူ့အားနည်းချက်များအား ဝေဖန်နေသည် မဟုတ်ပါလား။ သူ ပြောစရာ စကားရှာမရ၍ တစ်ခွန်းမှ မပြောနိုင်တော့၊ သူမက သူ့ကို သရော်နေသည့်တိုင် သူ့အနေဖြင့် ဆေးလုံးအပေါ် အာရုံစိုက်ရပေမည်။ 

“ ညီမတော့ ပြီးတော့မယ်။ အစ်ကိုပဲ ကျန်တော့တာနော် ” 

ယောက်ယောက်က ပေါ့ပါးစွာ ရယ်မောကာ ပြောသည်။ သူမက မီးကို အဆက်မပြတ် ထိန်းချုပ်နေသည်။ ဆေးရနံ့က ပိုမိုပျံ့လွင့်လာပြီး သူမ၏ပတ်လည်တွင် အလင်းတန်းများ ပြိုးပြိုးပြက်ပြက် လင်းလက်လာသည်။ 

“ ဒီလိုမျိုး စူးရှတောက်ပလိုက်တဲ့ အလင်းတန်းတွေ၊ ပြီးတော့ အနံ့ကလဲ မွှေးလိုက်တာ ”

ထူးချွန်သော မှော်ဆေးရည်ပညာရှင်တချို့က မျက်လုံးများမှိတ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဆေးလုံး၏အဆင့်အတန်းကို ခန့်မှန်းရန် ကြိုးစားလိုက်သည်။ 

“ အဆင့်သုံးမဟာဧကရာဇ်ဆေးလုံးပဲ။ အဆင့်လေးတောင် ရောက်ခါနီးနေပြီ။ အဲဒီကလေးမက အင်မတန် ထူးချွန်တာပဲ။ တချို့ မဟာဧကရာဇ်တွေတောင် ဒီလိုဆေးမျိုး ဖော်စပ်နိုင်တာ မဟုတ်ဘူး ”

“ သူ့အတွက် ဒါက လွယ်ကူနေသလိုပဲ။ အဲဒါက ကြောက်စရာအကောင်းဆုံးအပိုင်းပဲ ”

ထိုလူများ၏စကားများကို လင်းဖန် ကြားသောအခါ အတော်လေး အံ့အားသင့်သွားရပြီး မေးမြန်းလိုက်သည်။ 

“ ယောက်ယောက်က ဆေးဖော်တဲ့နေရာမှာ အဲဒီလောက်တောင် တော်တာလား ”

“ လင်းဖန်၊ ငါတို့က နာမည်ကျော်ကြားနေတဲ့အတိုင်း ထူးချွန်တယ်လို့ မထင်ဘူးလား ” 

ကျစ်လင်းက လေးနက်စွာ ဆိုသည်။ လင်းဖန် ခေါင်းညိတ်ပြလိုက်၏။ ထိုလူများကို သူ လျော့တွက်မိခဲ့ပေသည်။ 

လေထဲတွင် ဆေးလုံးတစ်လုံး ရုတ်ချည်း ပျံတက်သွားပြီး ယောက်ယောက်၏ပတ်လည်တွင် မီးများ တဟုန်းဟုန်း တောက်လောင်နေသည်။ ယောက်ယောက်က လက်ကိုဝှေ့ယမ်းလိုက်ရာ ဝုန်းခနဲ မြည်ဟည်းသွားပြီး မီးများ ငြိမ်းသက်သွားသည်။

ဝမ်ရှန်၏ဒယ်အိုးက ပေါက်ကွဲသားပြီး သူ့မျက်နှာ မည်းမှောင်နေသည်။ သူက တတ်အားသရွေ့ အကောင်းဆုံးဆေးတစ်လုံး ဖော်စပ်ရန် ကြိုးစားခဲ့ပါသော်လည်း အဆုံးသတ်တွင် ကျရှုံးသွားခဲ့ရပြီး ဒယ်အိုး ပေါက်ကွဲသွားခဲ့သည်။ 

“ ဆေးဘုရင်မျိုးနွယ်စုက နှစ်ကြိမ်ရှုံးသွားပြီ။ ဒီတစ်ကြိမ်ကတော့ ခွက်ခွက်လန်အောင် ရှုံးတာပဲ ”

လူတစ်ယောက်က သက်ပြင်းချလိုက်သည်။ ဆေးဘုရင်မျိုးနွယ်စုဝင်များ၏မျက်နှာများ ဖြူဖတ်ဖြူရော် ဖြစ်နေပေသည်။

Tags: Read PMG22 Chapter 2142, PMG22 Chapter 2142 Myanmar language, novel Chapter 2142 online, Chapter 2142 new novel, PMG22 Chapter 2142 chapter, high quality Myanmar xianxia novels, PMG22 latest xianxia novels, , Than Htet Aung

Recommendation

Comment

Show Comments